Thursday, November 13, 2014

ပညာရေးစနစ် ဘာလဲ ?? ဘယ်လဲ ??

ကျွန်တော့် ခေါင်းထဲ အမြဲတမ်းတွေးဖြစ်နေတဲ့ အရာက ကျွန်တော်တို့ ကျောင်းသားတွေအတွက် အခွင့်အလမ်းပွင့်လင်းတဲ့ ပညာရေးပါပဲ ။ မူကြို အရွယ်ကစလို့ ဆရာမတိုင်ပေးတာ နောက်ကနေ ပျော်ပျော်ကြီးလိုက်ဆိုခဲ့တယ် ။ မူလတန်းတုန်းက "အောင်ဆန်းဇာနည် " လို ဗိုလ်ချုပ်ရဲ့စိတ်ဓာတ် နိုင်ငံသားကောင်းတစ်ယောက်အနေနဲ့ ထားရှိရမယ့် နှလုံးရည်တွေသိမြင်လာအောင် လှုံ့ဆော်ပေးခဲ့တဲ့ ကဗျာတွေ ။ "ကုဋေ ၈၀ သူဌေးသား "တို့လို ပညာမတတ်ရင် ဘဝကြမ်းတမ်းစေကြောင်း ကဗျာလေးတွေက ခေါင်းထဲ သံမှို ရိုက်သလို ဆွဲနေစေခဲ့ပါတယ် ။ ပညာရေးနဲ့စာရိတ္တပိုင်းဟာ အနာဂတ်ခေါင်းဆောင်ဖြစ်လာမယ့် ကလေးငယ်တွေအတွက် တကယ့်ကိုအရေးပါကြောင်း ငယ်ငယ်လေးထဲက အသည်းထဲစွဲနေခဲ့တယ် ။ အလယ်တန်း အထက်တန်းမှအစ ယခု ကောလိပ်ကျောင်းတက်နေတဲ့အချိန်ထိ ပညာရေးစနစ်ဟာ ကျနော်တို့ ထူးထူးခြားခြား မကြုံ တွေ့ခဲ့ရပါဘူး ။ ကျောင်းမှာပေးလိုက်တဲ့ စာကို မျက်စိမှိတ် အလွတ်ကျက်မယ် ။ အတန်းပိုင်ဆီမှာ ကျူ ရှင် တက်မယ် ။ ဆရာမ ပေးတဲ့အတိုင်းသာ သည် ၏ မလွဲ ကျက်မှတ် ။ ဖြေဆိုခဲ့ရတာ ယခု တက္ကသိုလ်ပညာရေးထိတိုင်အောင်ပါပဲ ။

ရှေးခါက ကျနော်တို့ အဖိုး အဖေ လက်ထက်တွေကဆိုလျှင် ကျူ ရှင် ဆိုတာမရှိပါဘူး ။ ကျောင်းမှာပေးလိုက်တဲ့စာကို ကိုယ့်အားကိုယ်ကိုးပြီး ပြန်လည် ကျက်မှတ်ရတယ် ။ ကိုယ့်အရည်အချင်းအစစ်သာ ထုတ်ဖော်ခွင့်ရကြတယ် ။ မြန်မာတစ်ပြည်လုံးမှ ၁၀ တန်းအောင်သူကို လက်ချိုးရေ ကြည့်လို့ ရပါတယ် ။ရှေးအခါက ဆရာ ဆရာမ တွေဆိုလည်း စာသင်ကြားယုံသာမကပဲ အနာဂတ်ကလေးငယ်တွေအတွက် စိတ်ဓာတ်စွမ်းအင်တွေပါ ပြုစုပျိုးထောင်းပေးခဲ့ကြပါတယ် ။ ထိုဆရာ ဆရာမမျိုး ယခုခေတ် ကျနော်ပညာသင်ကြားခဲ့တဲ့ သက်တမ်းတစ်လျှောက် ဆုံတွေ့ခဲ့တာ ၅ ယောက်မပြည့်ပါဘူး ။ ရဲရဲကြီးပြောရဲပါတယ် ။ ကျနော် တွေ့ကြုံ ခဲ့တဲ့ ထိုသို့သောဆရာတွေဟာလည်း ယခင် ကျနော်တို့မိဘတွေလက်ထက်ကတည်းက တာဝန်ထမ်းဆောင်ခဲ့ကြတာပါ ။ ယခုချိန်ထိ သူတို့ မရှိလျှင် မဖြစ်တဲ့အခြေမျိုးကို ဆိုက်ရောက်နေပါတယ် ။ ယခုခေတ်ခါမှာတော့ တိုင်းပြည်မှာ ဘွဲ့ရတဲ့ လူငယ်တွေ ဒုနဲ့ဒေးပါ ။ ရှိသမျှအလုပ်အကိုင်တွေ နေရာလွတ်မရှိအောင်ကို ဘွဲ့လက်မှတ်ကိုင်ထားသူ တော်တော်များပါတယ် ။ ဒါပေမယ့် တကယ် တမ်း အရည်အသွေးပြည့်မှီ တဲ့ လုငယ်ဆိုတာ လက်ညှိုးထိုး ရေကြည့်ဖို့ခက်ပါလိမ့်မယ် ။ ရှိတယ် ။ ရှားပါတယ် ။

  ကျနော့်အသိ ရှေးလူကြီးတစ်ယောက်ကိုမေးဖူးပါတယ် ။ ယခုခေတ်မှာပညာရေးကို ဘယ်လိုမြင်ပါသလဲ ။ ဘွဲ့မရသူတွေ အလုပ်ပိုပင်ပန်းမယ် ။ ဘွဲ့ရသူတွေ သိပ်မပင်ပန်းဘူး ။ ဒီလောက်ပဲ အဲ့ထက်မပိုဘူး တဲ့ ။ ကျနော်တို့ နိုင်ငံက ဘွဲ့ရတစ်ယောက်ဟာ အဲ့လောက်ထိပဲ အခွင့်လမ်းရှိသလား ။ သူများနိုင်ငံကဆိုရင် ဘွဲ့ရတစ်ယောက်ရဲ့အရည်အချင်းဟာ နိုင်ငံတကာပတ်ပြီး လုပ်ငန်းတွေမှာ ဦးဆောင်လို့ ရနေပါပြီ ။ ကျနော်တို့တတွေ ဘွဲ့ယူတာက ဒီအလုပ်လေးမပင်ပန်းဖို့အတွက်ပဲလား ?

  မြန်မာပြည်ပညာရေး ဘယ်လောက်ထိ နောက်ကျ နေလဲဆိုတာ ကျနော် ကိုယ်တိုင် မြင်တွေ့လိုက်ရပါတယ် ။ ရုံးမှာအလုပ်လုပ်တဲ့ စာရေးမတစ်ယောက်။ မြန်မာစာနဲ့ဘွဲရတာပါ ။ ရုံးစာစီခိုင်းတာ စီမတတ်ပါဘူး ။ နိဒါန်း စာကိုယ် နိဂုံး ကို ရော သိလား လို့မေးတော့ ။ စာစီစာကုံးမှာ အပိုဒ်ခွဲရေးရတဲ့ဟာ လောက်ပဲသိတယ်တဲ့ သေသေချာချာ မသိပါဘူးတဲ့ ။ ကဲ ရင်မောစရာကြီးဗျာ ။ အင်္လကာ ရသတွေ ကာယံ နဘေ လေးချိုး ဒွေးချိုး သဖြန် စတာတွေဘာတွေ ဆက်မမေးရဲတော့ဘူး ။ မြန်မာပြည်မှာနေ မြန်မာနိုင်ငံမှာကြီး မြန်မာစကားကိုပြော မြန်မာစာနဲ့ဘွဲ့ရထားတဲ့ လူငယ်တစ်ယောက်က မြန်မာလိုစာစီ မတတ်ဘူးဆိုတော့ သိပ်ရှက်ဖို့ကောင်းတဲ့ အရာပါပဲ ။ ဒီလောက်ထိတောင် မြန်မာပြည် ပညာရေးက အောက်ကျကျန်ခဲ့ပြီလား ။ ဘွဲ့ကို အားမကိုးနဲ့ ကိုယ်တိုင်လေ့လာကြိုးစား ဆိုတဲ့စကား ကို ကြားဖူးတယ် ။ အဲ့လိုဆိုရင် တက္ကသိုလ်တွေ ဘာလို့ဖွင့်နေဦးမလဲ ။ ဘာလို့ ဘွဲ့တွေပေးနေသေးလဲ ။ ဘွဲ့ရတစ်ယောက်အတွက် အနည်းဆုံး အခြေခံထက်တော့ သာနေရမယ်လို့ ထင်တယ် ။ ဒါအနည်းဆုံးကိုပဲ ပြောနိုင်သေးတာပါ ။ အောင်ယုံသက်သက်မဟုတ်ပဲ သူတို့အတွက်ရပ်တည်လို့ရမယ့် အခြေနေတစ်ရပ်ဖြစ်အောင် ဖန်တီးပေးရမယ် ။ "ကလေးတွေဟာ ကျောင်းမှာ နှစ်ပေါင်းများစွာ နေခဲ့ရပြီး လိုအပ်တဲ့ ပညာရပ်တွေ မတတ်မြောက်ရင် ပညာသင်မှုရဲ့ အဓိကအချက်ကဘာလဲ " ဆိုတဲ့ Education for All Global Moring Report ပြုစုရေးအဖွဲ့ ဒါရိုက်တာ ပေါ်လင်ရို့စ်က မေးခွန်းထုတ်ခဲ့ဖူးပါတယ် ။
                     လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ဥရောပခရီးစဉ်တစ်ခုအဖြစ် လန်ဒန်သို့ ရောက်ခဲ့စဉ် ပြောခဲ့ဖူးပါတယ် " University life has been shattered because of a percieved need to keep students in order " " ကျောင်းသားများကို ထိန်းနိုင်ရန် တက္ကသိုလ် ကျောင်းသားဘဝကို ဖျက်ဆီးပစ်လိုက်သည် " ။ တကယ်ပဲ အဲ့လောက်ထိတောင် မြန်မာပြည်ပညာရေး နောက်ကျအောင် ဖျက်ဆီးပစ်ခဲ့တာလား ။ တိုင်းပြည်တစ်ပြည်အတွက် ပညာရေးကို အဓိက အခန်းကဏ္ဍ အဖြစ် ကမ္ဘာတစ်ဝှမ်းက သတ်မှတ်ထားပါတယ် ။ စင်ကာပူ နိုင်ငံရဲ့ ဂုရုကြီး လီကွမ်ယု က ပြောသွားခဲ့ဖူးတယ် ။ " Our nation must be intelligent country in 2015 "လာမယ့် ၂၀၁၅ ခုနှစ်မှာ ငါတို့နိုင်ငံဟာ ကမ္ဘာ့ဥာဏတိုင်းပြည် ဖြစ်ကိုဖြစ်ရမယ် တဲ့ ။ ဒီလိုကျွေးကျော်ခဲ့တာပါ ။ ၁၈၂၃ ခုနှစ် မြန်မာကိုအင်္ဂလိပ်စတင် နယ်ချဲ့ပြီး နှစ်၁၀၀ နီးပါးအကြာ ၁၉၂၀ မှာ ရန်ကုန်တက္ကသိုလ် စတင်ဖွင့်လှစ် ပေးခဲ့တယ် ။ ပညာရေး ပေါ်ပေါက်လာအပြီး ၂၈ နှစ်ပဲကြာလိုက်တယ် ၁၉၄၈ မှာ ကျွန်တော်တို့ မြန်မာတစ်ပြည်လုံး လွတ်လပ်ရေးရတယ် ။ ဒါဟာ ပညာရေးရဲ့ မည်မျှအရေးပါကြောင်းသက်သေပြနေတဲ့ အချက်တစ်ချက်ပါပဲ ။

 သို့ဖြစ်ပါ ၍ အကြောင်းမညီညွတ်လို ဘောင်းဘီပဲချွတ်ပြီး တစ်မျိုးအညောင်းမဖြစ်စေဖို့ ပုဆိုးပြောင်းဝတ် သော်ငြားလည်းပဲ မျှော်လင့်နေတဲ့ ခေတ်မှီဖွံ့ဖြိုးတိုးတက်သော ဒီမိုကရေစီနိုင်ငံတော်သစ်ဆီသို့ ရောက်ရှိရန် အလို့ငှာ ပညာရေးစနစ်ကောင်းမွန်မှန်ကန်မှု နှင့်အတူ ပညာရည်မြင့်မား၍ တွေးခေါ်နိုင်စွမ်းရှိသော ထက်မြက်သည့် အနာဂတ် ခေါင်းဆောင်ကောင်းများ ပေါ်ထွက်လာရေး ၊ ခံ့ညားထည်ဝါသော တက္ကသိုလ် ဂုဏ်နှင့်လျော်ညီသော အခြေနေကောင်းများ ပေါ်ပေါက်ရေးအတွက် ဆက်လက်ကြိုးပမ်းလုပ်ဆောင်ပေးရန် သင့်ပါကြောင်း ကျောင်းသားလူငယ်တစ်ယောက်အနေနဲ့ ရေးသား တိုက်တွန်းအပ်ပါသည် ။
ိ

No comments:

Post a Comment