Thursday, November 13, 2014

ပညာကို အခြေခံသော အခြေခံပညာမှသည် အနာဂတ် နိုင်ငံတော်သစ်ဆီသို့

တစ်နေ့က ကြားလိုက်ရသော သတင်းဆိုးကြောင့် ဤစာလေးကို မရေးမဖြစ် ရေးမိသည် ။ ၇ တန်းကလေးများအား မူးယစ်ဆေးသုံးစွဲကြောင်း စစ်ဆေးတွေ့ရှိသည်ဆိုသည့် သတင်းး ။ ပညာသင်အရွယ် တိုင်းပြည်အနာဂတ်ဖြစ်လာမည့် ကလေးငယ်များ၏ စာရိတ္တပိုင်းသည် ချို့ယွင်းသည်ထက် ပိုဆိုးလာခဲ့ပေပြီ ။ တစ်ဆက်တည်းဆိုသလို တောင်ဒဂုံမြို့နယ် ၌ ၁၇နှစ်သာသာ လူငယ်တစ်စု၏ လူမိုက်ဆန်ဆန် ဓါးဖြင့် ဝိုင်းဝန်းခုတ်သတ်သည့် သတင်းပင်ဖတ်လိုက်ရသည် ။ ဒေသခံပြည်သူများ က တရားဥပဒေစိုးမိုးရေးကို မျက်စောင်းထိုးကြသည် ။ မှန်သင့်သလောက်သာမှန်သည် ။ သို့သော် အဓိကမကျ ။ လူငယ်တို့၏ စိတ်ဓာတ် အကျင့်စာရိတ္တများသည် အောက်ဆုံးအဆင့်သို့ ရောက်ရှိစေခဲ့သော အကြောင်းမှာ အဘယ်နည်းး ။ "အမျိုးသားစည်းကမ်းအစ စာသင်ကျောင်းက " ဟူသော ဆောင်ပုဒ်ကို အတွေးထဲပြေးမြင်မိစေသည် ။
 
    ယခုခေတ်အခါတွင် လူငယ်များသည် စိတ်ဓာတ်ကျလွယ် တက်လွယ် ဖြစ်သည် ။ စိတ်ပင်ပန်းခြင်း စိတ်မပျော်ခြင်းတို့နှင့် ကြုံတွေ့ကြလျှုင် ထွက်ပေါက်ရှာကြသည်မှာ လူငယ် ၁၀ ဦးတွင် ၈ ဦးလောက်ကိုအများစု တွေ့ရတတ်သည် ။သူတို့၏ နည်းစပ်ရာ ပတ်ဝန်းကျင်မှ အတုမှားများယူမိတတ်ကြသည် ။ ဒီအတွက် မည်ကဲ့သို့ လမ်းကြောင်းတည့်မတ်ပေးမည်နည်း ။ လူငယ်များတွင် အရေးကြီးဆုံးဟူသော စိတ်ဓာတ်နှင့်စည်းကမ်းမှာ ပျောက်ဆုံးနေသည် ။
 စိတ်ဓာတ် စည်းကမ်း ပညာဟူသော ပညာရေး၏ အဓိက ရည်မှန်းချက် ၃ ရပ်မှာ မှေးမှိန်သထက် မှေးမှိန်နေပေပြီ ။ ကလေးတစ်ယောက်အတွက် ပထမဦးဆုံး ဦးစားပေးရည်ရွယ်ချက်မှာ စိတ်ဓာတ် ဖြစ်သည် ။ ထိုနောက်မှာမှ စည်းကမ်းကောင်းခြင်း က ဒုတိယအနေဖြင့် ကပ်ပါလာသည် ။ မည်မျှပင် ပညာတော် တတ် လင့်ပေမူ စိတ်ဓာတ်ယုတ်ညံ့ကာ စည်းကမ်းပျက်နေလျှင် ပညာရှိခြင်း၏ အကျိုးမှာ အလကားပင် ။ တိုင်းပြည်အတွက်ပင် အတော် နစ်နာစေသည် ။ ကလေးငယ်များ၏ စာရိတ္တပိုင်းနှင့် လူ့ပတ်ဝန်းကျင် နယ်ပယ်မှ အသိပညာများအား သင်ကြားပေးရန် စာသင်ကျောင်းများတွင် သတ်မှတ် ပေးထားသည် ။အခြေခံပညာ အလယ်တန်း အဆင့်မှာ ပဉ္စမတန်းကနေ အဋ္ဌမတန်းအထိ စိတ်ဓာတ်ဖွံ့ဖြို့ရေးဘာသာရပ်အနေနဲ့ "စာရိတ္တ / လောကနီတိ " ကို တစ်ပတ်စာသင်ချိန် ၂ ချိန်အဖြစ် သတ်မှတ်ထားတာ တွေ့ရသည် ။ စာသင်ချိန် တစ်ချိန်ကို ၄၅ မိနစ်သတ်မှတ်ထားသောကြောင့် တစ်ပတ်လျှုင် စာရိတ္တပြု ပြင်ချိန်အနေဖြင့် မိနစ် ၉၀ သာရပါသည် ။ ထို မရှိမဲ့ရှိမဲ့ ၂ ချိန်လေးကိုပင် ဆရာ/ဆရာမများက စာသင်ချိန်အဖြစ်ယူကာ ကျောင်းပြဌာန်းစာများသင်ကြားကြသည်မှာ ကျွန်ပ်တို့ ငယ်စဉ်ခါမှစ၍ ယခုအချိန်ထိပင်တွေ့နေရသည် ။
    ထိုအပြုအမူများအား အတတ်နိုင်ဆုံးလျှော့ချကာ ကျောင်းနေကလေးများအတွက် စိတ်ဓာတ်ပိုင်း တိုးတက်စေရန် ပညာပေးသင်ကြားစေချင်သည် ။
ထိုကဲ့သို့သော အပြုအမူကြောင့် ကလေးများ စိတ်ပင်ပန်းကြရသည် ။ မနက်မိုးလင်းလျှင် ကျူ ရှင် ချိန်မှစ၍ ညမိုးချုပ် ဝိုင်းများစာသင်ချိန်ထိ ကလေးများမှာ မနားရ ။ ကျောင်းစာသင်ချိန်ဖြင့်ပင် လုံးပန်းနေရသည် ။ ပြင်ပလောက ဗဟုသုတများမှာ သူတို့အတွက်တော့ ရွှေကဲ့သို့ ရှားလှသည် ။ကျောင်းစာများအား ငြီးငွေ့လာတတ်သည် ။ ထိုမျှ အချိန်ပြည့်သင်ကြားနေသောစာများသည်လည်း ဘောင်ခတ်ထားသော သင်ကြားမှုဖြင့်ပင် ။ ဆရာအတိုင်းသာ မရေးပါက အမှတ်မရပေ ။ ကလေးများမှာ ကိုယ်ပိုင်ဥာဏ်ကို မသုံးတတ်တော့ ။ ဘာမဆို ဘိုင်ဟတ် ကျက်သည့်နည်းစနစ်ကြီးက ခေါင်းထဲသို့ mind-set တစ်ခုအနေဖြင့် ရောက်ရှိသွား ၏ ။ နောင်ပြန်ပြင်ရန် ခက်ခဲသွားစေသည် ။ တော်တော်များများထိုသို့ စနစ်ဆိုးကြီးက ဖုံးလွှမ်းနေတော့ သည် ။ ထိုသို့သော ဆရာဗဟိုပြု သင်ကြားရေးစနစ်ကို ပြု ပြင်သင့်ပြီ ။
       တိုးတက်သော နိုင်ငံများတွင် မူ ကျောင်းသား ဗဟိုပြု သင်ကြားရေး စနစ်ကို အဓိကထား လုပ်ဆောင်ကြသည်ကိုလေ့လာတွေ့ရှိရသည် ။ ထိုစနစ် နှစ်ခု၏ ကွာခြားချက်မှာ အတော်အတန်ပင်များ လှ၏ ။ ချဉ်းကပ်ပုံခြင်းမှာ များစွာ ကွဲပြားလှသည်ဖြစ်၍ ရလဒ် အကျိုးတရားများမှာလည်း အတော်အတန်ကွာဟ စေသည် ။

ဆရာဗဟိုပြု စနစ်မှ ရရှိလာမည့် အကျိုးတရားများမှာ -
 (၁) စည်းကမ်းတင်းကျပ် ချုပ်ကိုင်မှုကိုခံရပြီး နှုတ်တိုက်အာဂုံဆောင်ကာ ရွတ်ဆိုပြ ၊ ရေးသားပြနိုင်မှ လူတော်အဖြစ် သတ်မှတ်ခြင်းခံရသည် ။

(၂) တွေးတောဆင်ခြင်မှုကို ဦးစားမပေးသည့် သင်ကြားမှုကိုခံရသဖြင့် ကျောင်းသားသည် ကိုယ် ပိုင်အစွမ်းအစဖြင့် ဖော်ထုတ်ခြင်း ၊ ခွဲခြမ်းစိတ်ဖြာခြင်း ၊ ဖွင့်ဆိုနိုင်ခြင်း မရှိတော့ ။ ပါဝင်သည့် အချက်ပေါ်တွင် အမှတ်ပေးကာ များများရ ၊ များများပေး ၊ လူတော်ရွေး အအောင်ပေးခြင်းခံရသည် ။

(၃) အချက်အလက်များကို သိသည်ဖြစ်စေ ၊ မသိသည်ဖြစ်စေ ၊ နားလည်သည်ဖြစ်စေ ၊ နားမလည်သည်ဖြစ်စေ များများမှတ်မိလေ အောင်မြင်လေဖြစ်သည် ။

ထို့ကြောင့် ဆရာဗဟိုပြု သင်ကြားရေးသည် ဆရာက သင်ကြား ကျောင်းသားကနားထောင် စာအုပ်ထဲ ပါတာဖတ် စနစ်ဖြစ်သည် ။ ဆရာဆိုသည်မှာ ငါမပါ ပညာရေးသည်မပြည့်စုံဟု ထင်နေသည် ။ ဆရာပေးမှ ရ ၊ ဆရာ သင်ပြမှ တတ် ၊ ဆရာ မသင် မအောင်မြင် ဆိုသည့်အတွေး ကို ကျောင်းသားများခေါင်းထဲ သံမှိုဆွဲ နေစေသည် ။

ကျောင်းသားဗဟိုပြု သင်ကြားရာတွင် အသုံးပြုသည့် ဗျူ ဟာများအနေဖြင့်
 * မည်သို့လေ့လာ သင်ယူရမည်ကို ကျောင်းသားနှင့်ဆရာ ပူးပေါင်းအဖြေရှာကြသည် ။
* ကျောင်းသားတစ်ဦးချင်း၏ လိုအပ်ချက်ကို ဗျူ ဟာ ပြောင်းလဲ ကျင့်သုံးနိင်သည် ။
* အသိပညာကို နယ်ပယ်စုံမှ ရယူပိုင်ခွင့် ရှိသည် ။ ဥပမာ - စာအုပ် ၊ အွန်လိုင်း ၊ လူ့ဘောင်အဖွဲ့အစည်းများမှ ၊ လူမှုကွန်ရက် များမှ ရနိုင် သည် ။ ရရှိလာသည့် အချက်အလက်များဖြင့် မိမိတို့ ပြဿနာ များကို ဖြေရှင်းမှု ပြုတတ်လာသည် ။

ထိုသို့ သင်ကြားခြင်းဖြင့်

(၁) နယ်ပယ်တစ်ခုတွင်သာမက ပညာရပ်နယ်ပယ်ပေါင်းစုံကိုပါ အလေးအနက်ထားလာသည် ။

(၂) ကျောင်းသားသည် သင်ယူမှုတွင် စိတ်ဓာတ် အမြဲတက်ကြွနေမည် ။ တွေးခေါ်မှုနှင့် စွမ်းဆောင်ရည်မြင့်မားလာမည် ။ ဥပမာ - ပြဿနာ များကို အဖြေရှာတတ်မည် ။ ပိုင်းခြားဝေဖန် သုံးသပ်တတ်မည် ။ စုစည်းလုပ်ဆောင် အကောင်အထည်ဖော်တတ်လာမည် ။ ဆက်သွယ်ပူးပေါင်း အဖြေကောင်းမည်ဟု နားလည်သဘောပေါက်လာလိမ့်မည် ။

စသည့် အကျိုးတရားများ ထွက်ပေါ်လာစေသည် ။

ယခုခေတ်တွက် ဆောင်ရွက်ရန် ကြိုးပမ်းနေသော ကျောင်းစာများပြောင်းလဲခြင်း သင်ခန်းစာအဟောင်းအစား အသစ်များ စမ်းသပ်သင်ယူစေခြင်းတို့သည် ကျောင်းသူကျောင်းသားများအတွက် အစမ်းသပ်ခံသာဖြစ်နေဘိသကဲ့သို့ ပညာသင်ကြားရာတွင်လည်း မတူညီကွဲပြားမှုများရှိလာစေကာ စနစ်ဟောင်းနှင့်စနစ်သစ်ကြား များစွာနှောင့်နှေးမှု ဖြစ်ပေါ်စေဦးမည် ဖြစ်သည် ။

ထိုစနစ်အား မပြောင်းလဲခင် လက်ရှိရင်ဆိုင်နေရသော ပညာသင်အရွယ်ကျောင်းနေကလေးများ၏ အခြေနေများကို သက်ဆိုင်ရာ ဝန်ကြီးဌာနများ ကျောင်းဆရာဆရာမ များ မိဘများက ပူးပေါင်း မြှင့်တင်ဆောင်ရွက်သွားရန် လိုအပ်ပါသည် ။


သို့ဖြင့်ပါ၍ အနာဂတ် တိုင်းပြည်အတွက် မျှော်လင့်ချက်လူငယ် များဖြစ်သော ကျောင်းသူ ကျောင်းသားများ၏ စိတ်ဓာတ် စာရိတ္တ စည်းကမ်းပိုင်းများ ကောင်းမွန်ပြီး ပညာတတ်လူငယ် များဖြစ်စေရန်အတွက် ဆရာဗဟိုပြု သင်ကြားစနစ်မှသည် ကျောင်းသားဗဟိုပြု သင်ကြားရေးစနစ်သို့ ပြောင်းလဲ အကောင်အထည်ဖော်ရေး ။ သင်ယူနိုင်မည့် ရင်းမြစ်အများဆုံးရှိသည့် နေရာ ဆောင်ရွက်ပေးရေး ။ ဥပမာ - စာကြည့်တိုက် ၊ အင်တာနက် ။ စသည်တို့အား အထူးမြှင့်တင်ကာ ။

သင်ယူမှု မဏ္ဍိုင် လေးရပ်နဲ့ ပက်သက်ပြီး

* အသိပွားဖို့သင်ယူစို့ (Learning to know )
* လုပ်ကိုင်တတ်ဖို့ သင်ယူစို့ ( Learning to do )
* အစွမ်းကုန်ဖွံ့ဖြိုးဖို့ သင်ယူစို့ ( Learning to be )
* အတူနေဖို့ သင်ယူစို့ ( Learning to live together )

စသည့် လုပ်ငန်းစဉ်များအား တိုးတက်လာသော ခေတ်နှင့်အညီ အလေးထား ဆောင်ရွက်၍ ပညာရေးစနစ်မြင့်တင်စေကာ ခေတ်မှီဖွံ့ဖြိုးတိုးတက်သောဒီမိုကရေစီ နိုင်ငံတော်သို့ အနာဂတ် လူငယ်လူရွယ်များဖြင့် လျှောက်လှမ်းနိုင်ရန် အားထုတ်ဆောင်ရွက်ရန်သင့်ကြောင်း ကြိုးစားတင်ပြလိုက်ရပါသည် ။



No comments:

Post a Comment